ခရစ္စရော့ခ်ကိုပါးရိုက်ခဲ့သည့်ဝီလ်စမစ်အော်စကာအကယ်ဒမီရုပ်ရှင်အစည်းအရုံးအဖွဲ့မှနှုတ်ထွက်

1 min read
ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကအော်စကာဆုပေးပွဲမှာ လူရွှင်တော်’ခရစ္စရော့ခ်’ကို ပါးရိုက်ခဲ့တဲ့’ဝီလ်စမစ်’ဟာ အော်စကာအကယ်ဒမီအဖွဲ့အစည်းကနေ နှုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။
“၉၄ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲမှာ ပြုလုပ်ခဲ့တဲ့ကျွန်တော့်ရဲ့လုပ်ရပ်က ထိတ်လန့်ဖွယ်ရာဖြစ်ပြီး လက်ခံခွင့်လွှတ်နိုင်စရာမရှိပါဘူး” လို့ ‘ဝီလ်စမစ်’ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အကယ်ဒမီအစည်းအရုံးကလည်း ‘ဝီလ်စမစ်’ရဲ့နှုတ်ထွက်ခွင့်တောင်းဆိုမှုကိုလက်ခံခဲ့ကာ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတိုင်း ရှေ့ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ဆံပင်ကျွတ်ခြင်းဝေဒနာခံစားနေရတဲ့ ‘ဝီလ်စမစ်’ရဲ့ဇနီးဖြစ်သူ ခေါင်းတုံးထားရတဲ့အဖြစ်ကို ‘ခရစ္စရော့ခ်’က စင်ပေါ်ကနေဟာသလုပ်ပြောဆိုခဲ့ရာမှာ ‘စမစ်’ကစင်ပေါ်တက်ပြီး ‘ရော့ခ်’ကိုရိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ခဏအကြာမှာ ‘ဝီလ်စမစ်’က အကောင်းဆုံးသရုပ်ဆောင်ဆုကို လက်ခံရယူခဲ့ပါတယ်။
‘ဝီလ်စမစ်’က King Richard ဇာတ်ကားဖြင့် အကယ်ဒမီဆုရခဲ့တာဖြစ်ပြီး ထိုကားထဲမှာ တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ ‘ဗီးနပ်စ်ဝီလျံ’နဲ့’ဆရီနာဝီလျံ’တို့ရဲ့အ‌ဖေအဖြစ် သရုပ်ဆောင်ထားပါတယ်။
“ကျွန်တော့်ရဲ့လုပ်ရပ်ကြောင့် ထိခိုက်နာကျင်ခဲ့ရသူတွေအများကြီးရှိပါတယ်။ ‘ခရစ္စ’နဲ့သူ့မိသားစုဝင်တွေရော၊ ကျွန်တော်ချစ်ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရော၊ အကယ်ဒမီပွဲတက်ရောက်လာတဲ့သူတွေရော၊ တီဗီကနေကြည့်ရှုနေတဲ့သူတွေရော အများကြီးပါဝင်ပါတယ်” လို့ ‘စမစ်’ကသောကြာနေ့မှာ ပြောကြားသွားပါတယ်။
“အကယ်ဒမီအဖွဲ့ရဲ့ယုံကြည်ထောက်ခံမှုကို အလွဲသုံးစားလုပ်ခဲ့မိတယ်။ အကယ်ဒမီဆုအတွက် လျာထားခြင်းခံရသူတွေနဲ့ ဆုရရှိသူတွေ အောင်ပွဲခံပျော်ပါးရမယ့်အခိုက်အတန့်ကို ဖျက်ဆီးမိခဲ့ပါတယ်” ဒါ့အပြင် အကယ်ဒမီဆုရရှိခဲ့တဲ့သူတွေကို ဝိုင်းရံထောက်ခံအားပေးကြဖို့ ‘စမစ်’ကတောင်းဆိုလိုက်ပါတယ်။
ဖြစ်ပြီးသားကိုပြုပြင်ပြောင်းလဲဖို့ အချိန်ယူရမှာဖြစ်သလို အကြောင်းပြချက်ကိုကျော်လွန်ပြီး အကြမ်းဖက်တဲ့လုပ်ရပ်မျိုးကို နောက်ထပ်ဘယ်တော့မှမလုပ်မိစေဖို့ ‘စမစ်’က ကတိပြုလိုက်ပါတယ်။
အကယ်ဒမီအဖွဲ့ဥက္ကဌ’ဒေးဗစ်ရူဘင်’က ‘စမစ်’နှုတ်ထွက်ခွင့်တောင်းတာကို လက်ခံလိုက်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်များဖြင့် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဟာသတင်ဆက်ပွဲတစ်ခုမှာ ဒီကိစ္စအကြောင်းနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာကို ပြန်လည်စဉ်းစားသုံးသပ်နေဆဲဖြစ်တယ်လို့ ‘ခရစ္စရော့ခ်’က ဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက် ၅၇ နှစ်ရှိ ဟာသလူရွှင်တော်’ခရစ္စရော့ခ်’ဟာ Ego Death ဟာသတင်ဆက်ပွဲအစီအစဉ်ကို အမေရိကန်မှာလှည့်လည်ဖျော်ဖြေလျက်ရှိပြီး ပရိသတ်တွေတခဲနက်အားပေးခဲ့ကြပါတယ်။
‘ရော့ခ်’က သူ့ကိုရိုက်ခဲ့တဲ့’စမစ်’ကို တရားစွဲဆိုမှုမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းအထောက်အထားတွေအရသိရှိရပါတယ်။
‘ဝီလ်စမစ်’ရဲ့ဇနီး’ဂျေဒါပင်ကက်စမစ်’က “ခက်ခဲတဲ့နှစ်တစ်နှစ်ကို ဖြတ်သန်းနေရပါတယ်” လို့ ဗုဒ္ဓဟူးနေ့က အင်စတာဂရမ်မှာရေးသားထားပါတယ်။
Source: BBC

You May Also Like

More From Author

+ There are no comments

Add yours