#WorldSociety
Published 5 January 2022
လက်ရှိထုတ်လွှင့်ပြသနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲ Snowdrop မှာ ဇာတ်ရံနေရာမှ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးဂင်မ်မီဆူဟာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။
Osen မီဒီယာရဲ့ တင်ပြချက်အရ သရုပ်ဆောင်ဂင်မ်မီဆူဟာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မဖော်ပြထားပါဘူး။
ဈာပနအခမ်းအနားကို Sungsim အသုဘနေရာမှာ စီစဉ်ထားပါတယ်။
ဂင်မ်မီဆူရဲ့ Landscape Entertainment အေဂျင်စီက ဂင်မ်မီဆူကွယ်လွန်မှုကို အတည်ပြုလိုက်ပါတယ်။
ဂင်မီဆူ ကွယ်လွန်ခဲ့တဲ့အတွက် ကျန်ရစ်သူမိသားစုက အလွန်ကြေကွဲနေရပါတယ်။
ကျန်ရစ်သူမိသားစုရဲ့ ဆန္ဒအရ ဈာပနပွဲကို တိတ်တိတ်ဆိတ်ဆိတ်သာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဂင်မ်မီဆူဟာ Snowdrop ဇာတ်လမ်းတွဲမှာ ယော်ဂျန်မင်နေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး Blackpink အဖွဲ့မှ ဂျီဆူသရုပ်ဆောင်ထားတဲ့ အွန်ယောင်ရိုရဲ့ အဆောင်နေအခန်းဖော်တစ်ဦးဖြစ်ပါတယ်။
Hellbound, Yumi's Cells, Hi, Bye Mama ဇာတ်ကားတွေမှာလည်း ဂင်မ်မီဆူက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Source: Koreaboo
#WorldSociety
Published 24 December 2021
တောင်ကိုရီးယားမှ နိုင်ငံကျော်ကေပေါ့ပ်အဖွဲ့ BTS ဟာ အမေရိကန်မှာ တင်ဆက်ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပြီး ပြန်ရောက်လာတဲ့အချိန်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှူးဂါးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ကြောင်း စီမံခန့်ခွဲသူတွေက သောကြာနေ့က ကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့က ပြန်ရောက်ခဲ့ပြီး သီးသန့်ကွာရန်တင်းဝင်နေစဉ် အသက် ၂၄ နှစ်ရှိ မင်ယွန်ဂီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ Big Hit Music ကုမ္ပဏီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။
ရှူးဂါးဟာ ဩဂုတ်လက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခဲ့ပြီးပြီဖြစ်ပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့ပေမယ့် ရောဂါလက္ခဏာမပေါ်သလို BTS အဖွဲ့ဝင်တွေနဲ့လည်း လတ်တလော ထိတွေ့ပြောဆိုခြင်းမရှိခဲ့ပါဘူး။
"လက်ရှိမှာတော့ သူ့အိမ်မှာပဲ အနားယူခိုင်းထားပါတယ်။ သူ့ရဲ့ကျန်းမာရေးအခြေအနေကို အရေးကြီးကိစ္စရပ်အဖြစ် ကျွန်တော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး အမြန်ဆုံးပြန်လည်သက်သာလာဖို့ အတတ်နိုင်ဆုံးကူညီသွားမှာ ဖြစ်ပါတယ်" လို့ ပြောသွားခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း BTS အဖွဲ့အနေနဲ့ ပထမဆုံးဖျော်ဖြေခွင့်ရခဲ့တဲ့ လော့စ်အိန်ဂျလိစ်က လိုက်ဖ်ရှိုးပွဲတွေအပြီးမှာ အမေရိကန်မှ ပုဂ္ဂိုလ်အချို့နဲ့ ထိတွေ့ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
BTS အဖွဲ့အနေနဲ့ နှစ်သစ်ကူးအားလပ်ရက်တွေမှာ အနားယူပြီး အယ်လ်ဘမ်အသစ်တွေ ဖျော်ဖြေပွဲအသစ်တွေမှာ တင်ဆက်နိုင်ဖို့အတွက် အားမွေးပြင်ဆင်သွားမှာဖြစ်တယ်လို့ Big Hit က ဆိုလိုက်ပါတယ်။
BTS အဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ စတင်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သူတို့ရဲ့ သီဆိုကပြမှုတွေက ကမ္ဘာတဝန်းက ကေပေါ့ပ်ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။
သူတို့ရဲ့သီချင်းစာသားတွေနဲ့ လူမှုလှုပ်ရှားရေးလုပ်ငန်းတွေဟာလည်း လူငယ်တွေကို ခွန်အားဖြစ်စေခဲ့ပါတယ်။
နိုဝင်ဘာလက အမေရိကန်တေးဂီတဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်ဆုကို ပထမဆုံးအနေနဲ့ ရရှိခဲ့ပြီး Butter သီချင်းဖြင့် အကောင်းဆုံးပေါ့ပ်တေးဂီတဆုကိုလည်း ရရှိခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် BTS အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံတကာလှည့်လည်ဖျော်ဖြေပွဲပေါင်း ၄၀ နီးပါးကို ရွှေ့ဆိုင်းလိုက်ရပြီး အွန်လိုင်းမှ တင်ဆက်ခဲ့ရပါတယ်။
Source: Reuters
#WorldEntertainment
Published - 30 November 2021
တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့ BTS က လော့စ်အိန်ဂျလိစ်ရှိ ဆိုဖိုင်ဖျော်ဖြေရေးကွင်းကြီးမှာ Permission to Dance သီချင်းအယ်လ်ဘမ်နဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
Army လိုခေါ်တဲ့ BTS ပရိသတ်ထောင်ပေါင်းများစွာက ဖျော်ဖြေရေးကွင်းပတ် ပတ်လည်ကနေ နေရာယူပြီး RM, Jin, V, J-Hope, Suga, Jimin နဲ့ Jungkook တို့ရဲ့ အလန်းစားကပြဖျော်ဖြေမှုတွေကို အားပေးကြည့်ရှုခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က BTS အဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကပ်ရောဂါကြောင့် live ဖျော်ဖြေတင်ဆက်မှုတွေ မပြုလုပ်နိုင်တာကြာပြီဖြစ်တာကြောင့် အခုလိုပြန်လည်ဖျော်ဖြေခွင့်ရတာဟာ အလွန်ပျော်ရွှင်မိတယ်လို့ ပြောကြားသွားကြောင်း CNN က ဖော်ပြထားပါတယ်။
"၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရိသတ်ရှေ့မှာ ပြန်လည်ဖျော်ဖြေခွင့်ရတာ အရမ်းဝမ်းသာမိပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အပြောင်းအလဲတွေဖြစ်ခဲ့ပြီး အရာရာက ပုံမှန်မဟုတ်တော့ပါဘူး။ အားလုံးအတွက် ခက်ခဲနေမှာပါ"လို့ V က ပြောသွားပါတယ်။
တခြားအဖွဲ့ဝင်ဖြစ်သူ Suga က ဖျော်ဖြေပွဲနေ့မတိုင်ခင်နေ့က စင်ပေါ်ရောက်တဲ့အချိန်မှာ ဒါတကယ်ဖျော်ဖြေခွင့်ရတာလား အိပ်မက်မက်နေတာလားလို့ ထင်မိကြောင်း ဆိုပါတယ်။
"ကိုဗစ်ကာလအတွင်း အဖွဲ့အနေနဲ့လည်း ခက်ခဲနေခဲ့ပါတယ်။ စိတ်ဓာတ်ကျပြီး အားမရှိတော့သလိုပါပဲ။ ဒီအခက်အခဲတွေကို ဖြေဖျောက်ဖို့ကြိုးစားရင်း Dynamite, Butter စတဲ့သီချင်းတွေနဲ့ Be, Permission to Dance သီချင်းအယ်လ်ဘမ်တွေကို ကြိုးစားထုတ်လုပ်ခဲ့ပါတယ်။ အခက်အခဲဒုက္ခတွေကြုံတွေ့နေရတဲ့ လူတွေအတွက် စိတ်သက်သာရာရစေဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးပမ်းသီဆိုတင်ဆက်နေခဲ့ပါတယ်"လို့ Jimin က ပြောသွားပါတယ်။
"ကျွန်တော်တို့ဖန်တီးတင်ဆက်ထားတဲ့ သီချင်းတွေကို အများကြီးအားပေးခဲ့ကြတဲ့အတွက် ကျွန်တော်တို့လည်း အားရဝမ်းသာရပါတယ်။ ဒါကြောင့် ဖျော်ဖြေတင်ဆက်ပွဲမှာ အစွမ်းကုန်ဖျော်ဖြေခဲ့တာဖြစ်ပါတယ်"လို့ Jungkook က ဆိုပါတယ်။
BTS အဖွဲ့ဟာ အခုနှစ် အကောင်းဆုံးပေါ့ပ်အဖွဲအဖြစ် ဂရမ်ဆုရဖို့ လျာထားခြင်းခံထားရပါတယ်။"ကျွန်တော်တို့အဖွဲ့က ဂရမ်ဆုတစ်ခါမှမရဖူးပါဘူး။ ဒါကြောင့်ဆုရမယ်ဆိုရင် ဂုဏ်ယူစရာဖြစ်လာမှာပါ"လို့ Jin က ရင်ဖွင့်သွားပါတယ်။
BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ်က Love Yourself:Answer နဲ့ Love Yourself:Tear အယ်လ်ဘမ်တို့နဲ့အတူ ကမ္ဘာကျော်ကြားလူသိများလာတာဖြစ်ပါတယ်။Coldplay နဲ့ ပူးပေါင်းသီဆိုမှုဟာလည်း အတော်အောင်မြင်မှုရခဲ့ပြီး တခြားနာမည်ကြီးအနုပညာရှင်များစွာနဲ့လည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။
"ကျွန်တော်တို့အောင်မြင်မှုရဲ့ ၅၀ ရာခိုင်နှုန်းက ပရိသတ်တွေကို ရည်ညွှန်းချင်ပါတယ်။ အောင်မြင်မှုအလုံးစုံက ကျွန်တော်တို့အတွက်ချည်းပဲ မဟုတ်ပါဘူး"လို့ RM က ကျေးဇူးတင်စကားပြောကြားသွားပါတယ်။
Source: CNN
#WorldEntertainment
Published - 11 November 2021
Netfilx ကထုတ်လုပ်တဲ့ Squid Game ဇာတ်လမ်းတွဲစီစဉ်သူက တောင်ကိုရီးယားက ဇာတ်လမ်းတွဲအများစုဟာ Season ၁ ခုတည်းနဲ့ပြီးသွားတတ်ပေမယ့် လူကြိုက်များခဲ့တဲ့ ဒီဇာတ်လမ်းတွဲကတော့ Season 2 နဲ့အတူ ပြန်လာဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။]
"တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးကျော်ကြားခဲ့တာကြောင့် Season 2 ဆက်မထုတ်လို့ မဖြစ်တော့ဘူး" လို့ ဟွမ်ဒေါင်ဟော့ခ်က ဆိုပါတယ်။
"Season 2 ထွက်လာဖို့ အတော်များများက အားပေးမျှော်လင့်နေကြပြီး ဖိအားလည်းအရမ်းများပါတယ်"လို့ တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ Red Carpet ပွဲမှာပြောသွားပါတယ်။
"အခုကျွန်တော့်ခေါင်းထဲမှာ ဒီအကြောင်းပဲရှိပါတယ်။ လက်ရှိမှာ ကျွန်တော်စဉ်းစားစီစဉ်နေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်ထွက်လာမှာလဲဆိုတာတော့ ပြောဖို့စောလွန်းနေပါသေးတယ်။ ဂီဟွန်းပြန်လာမယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်။ ကမ္ဘာကြီးအတွက် သူတစ်ခုခုလုပ်ပေးပါလိမ့်မယ်"လို့ ဟွမ်က ရှင်းပြသွားပါတယ်။
Netflix ကတော့ Season 2 ထုတ်လုပ်ဖို့ တရားဝင်မကြေညာသေးပါဘူး။
အဲဒီဇာတ်လမ်းတွဲထဲမှာ ဆောင်ဂီဟွန်းအဖြစ်သရုပ်ဆောင်တဲ့ လီဂျန်ဂျယ်နဲ့ တခြားသရုပ်ဆောင်တွေဟာ ပိုက်ဆံအရမ်းလိုအပ်နေပြီး ကလေးကစားနည်းပေါင်းစုံပါဝင်တဲ့ ပြိုင်ပွဲတစ်ခုမှာ အသက်စွန့်ဆော့ကစားဖို့ လက်ခံယှဉ်ပြိုင်ကြရတဲ့ပုံစံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
Source: AP News
#WorldHealth
Published - 26 October 2021
Netflix ကထုတ်လုပ်တဲ့ Squid Game ဇာတ်လမ်းတွဲဟာ ပရိသတ်အများအပြားကို ဖမ်းစားထားနိုင်ပေမယ့် ကလေးတွေကိုတော့ ကြည့်ရှုခွင့်မပြုသင့်ဘူးလို့ ဆရာဝန်တွေက ကလေးမိဘတွေကို တိုက်တွန်းလိုက်ပါတယ်။
စက်တင်ဘာလအတွင်း Netflix က စတင်ပြသခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲ Squid Game မှာပါဝင်တဲ့ ဇာတ်ကောင်တွေဟာ အကြွေးနစ်နေသူတွေဖြစ်ပြီး များပြားလှတဲ့ဆုကြေးငွေပိုင်ဆိုင်ဖို့ ကလေးကစားနည်းတွေကစားရတာဖြစ်ပါတယ်။
ရှုံးနိမ့်တဲ့သူတွေကတော့ အသတ်ခံရတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲမှာ သွေးထွက်သံယိုအခန်းတွေကို ပေါ်ပေါ်တင်တင် ထည့်သွင်းပြသထားတာဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲ စတင်ပြသပြီး တစ်လမပြည့်ခင်မှာပဲ ကြည့်ရှုသူ ၁၁၁ သန်းရှိလာပြီး အအောင်မြင်ဆုံးဇာတ်လမ်းတွဲတစ်ခုဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းတွဲမှာပါဝင်တဲ့ အသုံးအဆောင်ဝတ်စုံတွေ၊ ကစားနည်းတွေဟာလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ TV-MA (၁၇ နှစ်အောက်များမကြည့်ရ) လို့ Netflix ကဖော်ပြထားပေမယ့် ကလေးငယ်လေးတွေတောင် ကြည့်ရှုနေကြတာမို့လို့ ဆရာဝန်တွေက စိုးရိမ်ပြောဆိုနေကြတာဖြစ်ပါတယ်။
ဆယ်ကျော်သက်နှောင်းပိုင်းအရွယ် မဟုတ်ပါက မိဘများရှိရှိ မရှိရှိ Squid Game ကို မကြည့်သင့်ဘူးလို့ ကလေးစိတ်ကျန်းမာရေးဆေးရုံမှ ဆရာဝန်ကပြောကြားထားပါတယ်။
"အခြားဇာတ်ကားအများစုထက် အတော်ကိုကြမ်းရမ်းပြီး ကြောက်မက်ဖွယ်ကောင်းပါတယ်။ နောက်ဆုံးအနိုင်ရရှိသူတစ်ဦးကလွဲပြီး ကျန်တဲ့ပြိုင်ပွဲဝင် ၄၀၀ ကျော်ကို သတ်ဖြတ်တဲ့ပွဲပဲ"လို့ ကလေးစိတ်ကျန်းမာရေးဆေးရုံမှ အကြီးအမှူးဖြစ်သူ ဒေးဗစ်အန်ဒါဆန်က ဆိုပါတယ်။
"ဂိမ်းပြိုင်ပွဲတည်ထောင်သူ စိတ်ကျေနပ်ဖို့အတွက် ဇာတ်ကောင်တွေကို စီစဉ်ထားတဲ့အတိုင်းနှိပ်စက်သတ်ဖြတ်နေကြတာပါ။ လိင်ဆက်ဆံတဲ့အခန်းပါတယ်။ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်တာတွေပါတယ်။ အမျိုးသမီးတွေကို ဆံပင်ဆွဲရိုက်နှက်တဲ့အခန်းတွေ ပါတယ်။ အဓိကကတော့ လောင်းကစားလုပ်ရာကနေ ငွေအချီကြီးရနိုင်တယ်ဆိုတဲ့အကြောင်းတွေဟာ စိုးရိမ်တွေဖြစ်နေပါတယ်"လို့ Common Sense Media က ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။
ဒီဇာတ်လမ်းတွဲက ကစားနည်းတွေအတိုင်း ဆော့ကစားတာကို ကျောင်းတွေက တားမြစ်အရေးယူတာတွေ ပြုလုပ်ပါတယ်။
ရော့စ်ဝဲလ်မြို့က ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာဆိုရင် ဒီဇာတ်လမ်းတွဲနဲ့ ကစားနည်းတွေအကြောင်း ပြောဆိုခြင်းကို လုံးဝပိတ်ပင်ထားပါတယ်။
Source: CNN