Published -3 December 2021
အောက်တိုဘာလက Rust ဇာတ်ကားရိုက်ကွင်းတစ်ခုမှာ ရုပ်ရှင်ဓာတ်ပုံဆရာမ Halyna Hutchins ကျည်ဆံထိမှန်ကာ အသက်သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး Alec Baldwin က သေနတ်မောင်းခလုတ်မဆွဲခဲ့ဘူးလို့ ABC သတင်းဌာနကို ပြောလိုက်ပါတယ်။
"သေနတ်မောင်းခလုတ်ကို ကျွန်တော်လုံးဝမဆွဲခဲ့ပါဘူး"လို့ Baldwin က ဗုဒ္ဓဟူးနေ့ကအင်တာဗျူးမှာ ပြောကြားသွားပါတယ်။
ဇာတ်ညွှန်းထဲမှာမပါဘဲနဲ့ ဘာလို့ Hutchins ကို သေနတ်နဲ့ချိန်ပြီး ပစ်လိုက်တာလဲလို့ မေးမြန်းရာမှာ Baldwin က "ကျွန်တော် ဘယ်သူ့ကိုမှ သေနတ်နဲ့မချိန်ပါဘူး။ ပစ်လည်း မပစ်ခဲ့ပါဘူး"လို့ ဆိုပါတယ်။
Baldwin က ရိုက်ကွင်းအတွင်း သူအသုံးပြုခဲ့တဲ့ ခြောက်လုံးပြူးသေနတ်မှာ ဘယ်လိုဖြစ်ပြီး ကျည်ဆံအစစ်ရှိနေလဲဆိုတာကို နားမလည်နိုင်ကြောင်း ဆိုပါတယ်။
"ရိုက်ကွင်းနေရာမှာ ကျည်ဆံအစစ်က ရှိကိုရှိမနေသင့်တာပါ။ တစ်ယောက်ယောက်က ဒီကျည်ဆံကို သေနတ်ထဲထည့်ထားတာဖြစ်မယ်"လို့ ဆိုပါတယ်။
Hutchins အကြောင်းပြောရင်းနဲ့ Baldwin က မျက်ရည်တွေ မနည်းထိန်းနေရတာကို တွေ့ရပါတယ်။
"Hutchins နဲ့ အလုပ်လုပ်တဲ့သူတိုင်းက သူ့ကိုလေးစားကြတယ် နှစ်သက်ကြတယ် ချစ်ခင်ကြတယ်။ ဒီလိုဖြစ်သွားတာ ယုံတောင်မယုံနိုင်ပါဘူး"လို့ Baldwin က ပြောခဲ့ပါတယ်။
အဲဒီဖြစ်ရပ်က ဘဝမှာအဆိုးရွားဆုံး ဖြစ်ရပ်ပဲလို့ Baldwin က ဝန်ခံသွားပါတယ်။
ABC သတင်းဌာနက ဒီအင်တာဗျူးကို ကြာသပတေးနေ့ညမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အောက်တိုဘာလက အစမ်းသရုပ်ဆောင်နေကြစဉ် Baldwin ပစ်လိုက်တဲ့သေနတ်မှ ထွက်သွားတဲ့ကျည်ဆံကြောင့် Hutchins အသက်သေဆုံးခဲ့ရပြီး ဒါရိုက်တာ Joel Souza ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီအမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တာဝန်ရှိသူတွေကတော့ ဒါဟာကျည်ဆံအစစ်ဖြစ်မယ်လို့ သံသယရှိနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် လက်နက်တွေပါဝင်တဲ့ ရိုက်ကူးရေးတွေမှာ ဘေးအန္တရာယ်ကင်းရှင်းဖို့ ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း အသိပေးထားပါတယ်။
ရိုက်ကူးရေးတွေမှာ အသုံးပြုမယ့် သေနတ်အစစ်တွေဖြစ်ဖြစ် အတုတွေပဲဖြစ်ဖြစ် လုံခြုံစိတ်ချရမှုကို စစ်ဆေးကြည့်ရှုဖို့ ရဲအရာရှိတွေကို ရိုက်ကွင်းမှာထားရှိသင့်ကြောင်း Baldwin က ဆိုပါတယ်။
Source: CNN